မက်စ်ဘိလပ်မြေစက်ရုံ နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့၏ အောင်နန်းချိုကျေးရွာ လျှပ်စစ်မီးရရှိရေး အလှူငွေ ပေးအပ်ပွဲ

မက်စ်ဘိလပ်မြေအနေနဲ့ ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်ရာမှာ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလန်း ဖန်တီးပေးတဲ့အပြင် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေးအစရှိတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အစဉ်အမြဲ ပံ့ပိုးကူညီပေးခဲ့သလို နှစ်ရှည် ကျွန်းသစ်ပင်ဧက (၆၅၀)ကျော် စိုက်ပျိုးကာ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေဖို့ ဆောင်ရွက်ထားရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁)ရက်နေ့ကလည်း အိမ်ခြေ (၁၆၀)၊ လူဦးရေ (၈၂၅)ဦးနေထိုင်ကြတဲ့ အောင်နန်းချိုကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် (၂၃၁)သိန်း လှူဒါန်းခဲ့ပါတယ်။
ဧရာဝတီဖောင်ဒေးရှင်းနဲ့ မက်စ်ဘိလပ်မြေစက်ရုံရဲ့ အောင်နန်းချိုကျေးရွာ လျှပ်စစ်မီးလင်းရေး အလှူနဲ့ပတ်သက်ပြီး ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးစောပီတာဝင်းက အခုလို ပြောပါတယ်။ “ကျွန်တော့်အနေနဲ့ မီးတစ်ခုတည်း မမြင်ပါဘူး။ လျှပ်စစ်မီး ရရှိတဲ့အတွက် ပညာရေး အလင်းလည်း ကျွန်တော်တို့ ရတယ်။ စီးပွားရေး အလင်းလည်း ကျွန်တော်တို့ရတယ်။ ကျန်းမာရေးအလင်းလည်း ရတယ်လို့ ကျွန်တော့် အနေနဲ့ ခံယူပါတယ်။ ဘာလို့လဲဆိုတော့ မီးရရှိခြင်းအားဖြင့် ကလေးတွေ ကောင်းကောင်းမွန်မွန် စာကျက်ရမယ်။ မီးရရှိခြင်းအားဖြင့် စီးပွားရေး လုပ်ငန်းခွဲတွေ လုပ်လို့ရမယ်။ မီးရရှိခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ကျန်းမာရေးလည်း ကောင်းမွန်လာမယ်။ ကျွန်တော့်အနေနဲ့ အလှူရှင်များအပေါ် အများကြီး ကျေးဇူးတင်မိပါတယ်”
လျှပ်စစ်မီး အလှူပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို လယ်ဝေးမြို့နယ်၊ တောင်ဖီလာဒေသရှိ အောင်နန်းချိုကျေးရွာရဲ့ အခြေခံပညာအလယ်တန်းကျောင်းမှာ ပြုလုပ်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံတွေ၊ လွှတ်တော်ကိုယ်စားလှယ် ရုံးအဖွဲ့နဲ့ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။